မက်ဒရစ်ရဲ့ ညတစ်ညမှာ ဘောလုံးပရိသတ်တွေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတာ ဘာကြောင့်လဲဆိုတာကို သေချာပြန်ကြည့်ရင် ပွဲစဉ်တစ်လျှောက် ရီးယဲလ်မက်ဒရစ်ရဲ့ ယိမ်းယိုင်နေတဲ့ ခြေစွမ်းထက် José Mourinho ဆိုတဲ့ နည်းပြကြီးရဲ့ Instinct လို့ခေါ်တဲ့ ဗီဇစိတ်နဲ့ ရဲတင်းလွန်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပဲလို့ ပြတ်ပြတ်သားသား ပြောရလိမ့်မယ်။
ဒီပွဲမှာ ရီးယဲလ်မက်ဒရစ်နိုင်သွားတာ ထောင့်ကန်ဘောတွေကြောင့်ပဲ၊ ထောင့်ကန်ဘောတွေကပဲ ၃ မှတ်တန် အနိုင်ဂိုးတွေကို ဖန်တီးပေးသွားတာပါလို့ ရိုးရိုးရှင်းရှင်း ကြည့်ရင်တော့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ ပွဲရဲ့ အနှစ်သာရတစ်ခုလုံးကို ပြန်ကြည့်ရင်တော့ အဲဒီ ထောင့်ကန်ဘောတွေ ရလာဖို့၊ အသင်းရဲ့ တန့်သွားတဲ့ ကစားဟန်ကြီးတစ်ခုလုံး ပြန်ပြီး အသက်ဝင်လာဖို့အတွက် လိုအပ်နေတဲ့ မီးပွားကို ရှို့ပေးခဲ့တာကတော့ José Mourinho ရဲ့ လူစားလဲမှုတွေပဲ ဖြစ်တယ်။ အသင်းက ကွင်းထဲမှာ ကစားရခက်နေတယ်၊ လှုပ်ရှားမှုတွေ တန့်နေတယ်၊ ကစားသမားတွေရဲ့ တုံ့ပြန်မှုတွေက နှေးကွေးနေချိန်မှာ ရပ်နေတဲ့အသင်းကြီးတစ်ခုလုံးကို သူ့ရဲ့ Tactical Decision တွေနဲ့ ဒရွတ်ဆွဲပြီး ဆွဲတင်သွားခဲ့တာပါ။
အထူးသဖြင့် တိုက်စစ်ပိုင်းမှာ အားကိုးရတဲ့ Vinícius Júnior ကို ကွင်းထဲကနေ သတ္တိရှိရှိ ထုတ်ပစ်လိုက်တာပဲ။ ပုံမှန်ဆိုရင် ဒုက္ခရောက်နေတဲ့အချိန်မှာ အသင်းရဲ့ Key Player ကို မထုတ်ရဲကြဘူး။ ဒါပေမဲ့ José Mourinho ကတော့ ဒီရာသီမှာမှ (၄) မိနစ်ပဲ ကစားရသေးတဲ့ အသက်ငယ်ငယ် Endrick ကို ထည့်ရဲခဲ့တာပါ။ ဒါဟာ သာမန်နည်းပြတစ်ယောက် လုပ်လေ့ရှိတဲ့ သာမန်ဆန်းသစ်မှု မဟုတ်ဘူး။ ရဲတင်းလွန်းတဲ့ Gamble တစ်ခု၊ အရဲစွန့်မှုတစ်ခုပဲ။ အဲဒီ ရဲတင်းမှုရဲ့ ရလဒ်ကလည်း အံ့ဩစရာကောင်းအောင် ထွက်ပေါ်လာခဲ့တယ်။ Endrick ဟာ ကွင်းထဲရောက်တာနဲ့ ပွဲရဲ့ Rhythm တစ်ခုလုံးကို သိသိသာသာ သက်ရောက်မှု ပေးနိုင်ခဲ့တယ်။ သူ့ရဲ့ တက်ကြွမှု၊ ပြိုင်ဘက် ခံစစ်ကို ဒုက္ခပေးနိုင်မှုတွေက ရီးယဲလ်မက်ဒရစ်အတွက် ဒုတိယချေပဂိုးနဲ့ တတိယချေပဂိုးတွေ ထွက်ပေါ်လာဖို့အတွက် အဓိက သော့ချက်နဲ့ အရေးပါတဲ့ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့တာပဲ။
ဒါတင် မကသေးဘူး၊ ကွင်းထဲမှာ မှော်ဝင်နေသလိုမျိုး ထောင့်ကန်ဘော ၃ ကြိမ်ဆက်တိုက်ကို တိတိကျကျ ပေးပို့ပြီး အသင်းကို ဒုက္ခထဲကနေ ဆွဲထုတ်ပေးခဲ့တာကတော့ Arda Güler ပါပဲ။ Arda Güler ရဲ့ ထောင့်ကန်ဘော ပေးပို့မှုတွေက ပြိုင်ဘက် ခံစစ်အတွက်တော့ ငရဲတမျှပါပဲ။ ဘောလုံးရဲ့ လမ်းကြောင်း၊ လှည့်ထွက်သွားတဲ့ အရှိန်နဲ့ ကျသွားတဲ့ နေရာတွေက ကစားသမားတိုင်း အလွယ်တကူ ခေါင်းတိုက် ဂိုးသွင်းလို့ရအောင် ဖန်တီးပေးလိုက်သလိုမျိုး အတိအကျ ဖြစ်နေခဲ့တာ။
နောက်ပြီး ထုံးစံအတိုင်း မပါရင် မဖြစ်တဲ့ အချက်ကတော့ Espi ရဲ့ Super-sub စွမ်းဆောင်ရည်ပါပဲ။ Espi ဆိုတာ အမြဲတမ်း ပွဲထွက်ခွင့်ရနေတဲ့ လူတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူစားဝင်လာပြီဆိုတာနဲ့ အသင်းအတွက် လိုအပ်နေတဲ့ ဂိုးတွေကို ရှာဖွေပေးနိုင်စွမ်း ရှိတယ်၊ အသင်းအတွက် ကြီးမားတဲ့ သက်ရောက်မှုကို ပေးနိုင်ခဲ့တယ်။Espi ကတော့ ထုံးစံအတိုင်းပဲ အရေးကြုံရင် အားကိုးရတဲ့ Super-sub အဖြစ် သူ့ရဲ့ စွမ်းဆောင်ရည်ကို တောက်လျှောက် ဆက်ပြသသွားခဲ့တာပါ။
တကယ်တော့ ပွဲစဉ်တစ်လျှောက်လုံးရဲ့ ခြေစွမ်းအရ ပြန်ကြည့်မယ်ဆိုရင် ရီးယဲလ်မက်ဒရစ် ယိမ်းယိုင်နေတာတွေ၊ အမှားအယွင်း ဖြစ်နေတာတွေ၊ ခံစစ်နဲ့ အလယ်တန်းကြား အချိတ်အဆက် လွဲနေတာတွေ အများကြီး ရှိခဲ့ပါတယ်။ အသင်းရဲ့ ကစားဟန်က စနစ်တကျ မရှိခဲ့ဘူး၊ ပြိုင်ဘက်ရဲ့ ဖိအားပေးမှုကို ခေါင်းမထူနိုင်အောင် ခံခဲ့ရတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့တာပါ။ ဒါပေမဲ့ ဒါတွေကို ဘာနဲ့ အဖက်ဆယ်သွားသလဲဆိုရင် José Mourinho ရဲ့ instinct လို့ခေါ်တဲ့ ပါရမီပါတဲ့ ဆုံးဖြတ်ချက်တွေ၊ လူစားဝင်လာတဲ့ ကစားသမားတွေရဲ့ Luck ဆိုတဲ့ ကံတရားနဲ့ Hardworking ဆိုတဲ့ ပေးဆပ်ကြိုးစားမှုတွေနဲ့ပဲ အဖက်ဆယ်ပြီး အနိုင်ရလဒ်ကို ဖန်တီးယူသွားခဲ့တာပါ။
ဘောလုံးမှာ ခြေစွမ်းမသာရင်တောင် အနိုင်ရအောင် ကစားပြနိုင်တဲ့ အသင်းမျိုးကိုမှ မဟာအသင်းကြီးလို့ ခေါ်တာပါ။ ရီးယဲလ်မက်ဒရစ်ဟာ ဒီပွဲမှာ အခက်အခဲပေါင်းများစွာကြားကနေ လှလှပပ တုံ့ပြန်သွားခဲ့တယ်။ ဒါဟာ တကယ်ကို ရင်သပ်ရှုမောစရာကောင်းတဲ့၊ အံ့အားသင့်စရာ Comeback တစ်ခုအဖြစ် သမိုင်းတွင်ကျန်ရစ်မယ့် ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။




